သွားပြည်တည်ခြင်း အကြောင်း တစ်စေ့တစောင်း
သွား၊ သွားဖုံး ဒါမှမဟုတ် သွားကို နေရာတကျဖြစ်အောင် ချိတ်ဆက်ပေးထားတဲ့ အောက်မြစ်တွေထဲမှာ ဘက်တီးရီးယားပိုး ဝင်သွားတာကြောင့် ပြည်အရည်တွေ စုဝေးတဲ့ပြဿနာကို သွားပြည်တည်ခြင်း (Dental Abscess) လို့ ခေါ်ပါတယ်။ ဖြစ်တဲ့အခြေအနေပေါ် မူတည်ပြီး အလွန်အမင်း နာကျင်မှုဝေဒနာခံစားရတာ ဒါမှမဟုတ် လုံးဝမနာကျင်တာကို တွေ့ရနိုင်ပါတယ်။ သွားပြည်တည်ခြင်းဟာ ပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ ခံတွင်းကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး နာကျင်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
သွားပြည်တည်ခြင်း လက္ခဏာများ
- ရောဂါပိုးဝင်သွားတဲ့ သွား ဒါမှမဟုတ် သွားဖုံးမှာ ပြင်းထန်ပြီး စူးရှတဲ့ နာကျင်မှုဝေဒနာတစ်မျိုး ခံစားရတာ
- နာကျင်မှုဟာ ရုတ်တရက် ထထဖြစ်တတ်ပြီး အချိန်ကြာလာတာနဲ့အမျှ ပိုပြင်းထန်လာတာ
- နာကျင်မှုဟာ သွားနဲ့ခံတွင်းမှသည် ပိုးကူးခံရတဲ့ဘက်ခြမ်းက နားရွက်၊ မေးရိုး၊ လည်ပင်းတွေထိပါ ပျံ့နှံ့သွားတာ
- လဲလျောင်းနေချိန်မှာ နာကျင်မှုဝေဒနာ ပိုဆိုးလာတာ
- မျက်နှာမှာ ဖောရောင်ပြီး နီရဲနေတာ
- သွားဖုံးဟာ ပျော့နေပြီး ပုံမှန်မဟုတ်တဲ့ အရောင်ဖြစ်နေတာ
- သွားချောင်လာတာ
- သွားဖုံးက နီရဲပြီး ရောင်ရမ်းနေတာ
- ခံတွင်းအနံ့မကောင်းတာ၊ ခံတွင်းထဲမှာ မနှစ်မြို့ဖွယ်ကောင်းတဲ့ အရသာတစ်မျိုး ရနေတာ
- ပူလွန်း၊ အေးလွန်းတဲ့အစားအစာတွေကို သိပ်မစားနိုင်တာ စတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။
ကုသမှုမခံယူတာ ကြာလာတာနဲ့အမျှ နာကျင်မှုဝေဒနာ ပိုပြင်းထန်လာပြီး၊ အပြင်းဖျားတာ၊ နေထိုင်မကောင်းဖြစ်ပြီး မအီမသာဖြစ်တာ၊ ပါးစပ်မဟနိုင်တာ၊ အစာမျိုချရခက်တာ၊ အသက်ရှူရခက်တဲ့ ပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။
ကုသပျောက်ကင်းနိုင်လား
စောစီးစွာ ကုသမှုခံယူမယ်ဆိုရင် ပျောက်ဖို့လွယ်သလို၊ ခံစားရတဲ့ နာကျင်မှုကိုလည်း စောစောစီးစီး သက်သာစေနိုင်ပါတယ်။ ဒီလို ကုသမှုနည်းလမ်းတွေထဲမှာ
- ဘက်တီးရီးယားပိုးဝင်နေတဲ့ သွားကို ဖယ်ရှားခြင်း
- သွားအမြစ်ထဲမှာ ရှိတဲ့ ပြည်ရည်များကို စုပ်ထုတ်ဖယ်ရှားပြီး ပိုးမဝင်အောင် ပိတ်ထားခြင်း
- ပြည်အရည်များ အပြင်ထွက်လာအောင် သွားဖုံးကို ခွဲစိတ်မှုဖြင့် သေးငယ်တဲ့ဓားအရာပေးခြင်း စတဲ့ နည်းလမ်းတွေနဲ့ ကုသမှုခံယူနိုင်ပါတယ်။
ပုံမှန်အားဖြင့် ဘက်တီးရီးယားပိုးဝင်ခြင်းလို ပြဿနာမျိုးတွေအတွက် ပဋိဇီဝပိုးသတ်ဆေး (Antibiotics) တွေ ပေးတတ်ကြပေမယ့် ဒီလိုပြဿနာမျိုးမှာတော့ ကုသမှုအရင်ဆုံး ခံယူဖို့နဲ့ တော်တော်လေး အခြေအနေဆိုးလာမှပဲ ပိုးကိုထိန်းချုပ်ဖို့ ပိုးသတ်ဆေး ပေးတာဖြစ်ပါတယ်။
ဘယ်လိုလူတွေမှာ အဖြစ်များလဲ
- သွားနဲ့ ခံတွင်းသန့်ရှင်းရေးကို သေချာမလုပ်သူတွေ
- အချိုဓာတ်၊ ကစီဓာတ်များတဲ့ အစားအစာတွေကို မကြာခဏစားတတ်ခြင်း
- ခွဲစိတ်မှုတစ်ခုခုကြောင့် သွားနဲ့ သွားဖုံးကို ထိခိုက်မိခဲ့ခြင်း
- ကိုယ်ခံအားကျနေခြင်း
- ဆီးချိုရောဂါရှိနေခြင်း
- ကင်ဆာကုထုံးဖြင့် ကုသမှုခံယူနေရခြင်း စတဲ့ ပြဿနာရှိသူတွေမှာ ပိုအဖြစ်များပါတယ်။
ကာကွယ်ဖို့ နည်းလမ်းတွေအနေနဲ့
၁။ သွားနဲ့ ခံတွင်းသန့်ရှင်းရေးကို နေ့စဉ် နည်းလမ်းမှန်မှန်နဲ့ လုပ်ပေးခြင်း
၂။ ဖလူရိုဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်၊ ည တစ်ကြိမ်စီ ပုံမှန်တိုက်ပေးခြင်း
၃။ အစာစားပြီးတိုင်း သွားပွတ်ကြိုးနဲ့ သန့်ရှင်းရေးလုပ်ပေးခြင်း
၄။ လျှာကို လျှာခြစ်တဲ့ခြစ်ပေးခြင်း
၅။ အချိုဓာတ်၊ ကစီဓာတ်များတဲ့ အစားအစာတွေကို လျှော့စားခြင်း
၆။ ညအိပ်ကာနီး အစာစားတဲ့အကျင့်ကို ဖျောက်ပေးခြင်း
၇။ ၆ လ တစ်ကြိမ် သွားဆေးခန်းမှာ ပုံမှန်ပြသပေးခြင်း စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်ပေးနိုင်ပါတယ်။
သွားပြည်တည်ခြင်းဟာ မကြာခဏမဟုတ်တဲ့တိုင်အောင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး စောစီးစွာ ကုသမှုခံယူမယ်ဆိုရင်တော့ ပျောက်ကင်းဖို့ မြန်တာကြောင့် သိပ်ပြီး စိုးရိမ်စရာတော့ မလိုပါဘူးခင်ဗျာ။
ရဲမျိုးမြတ်
boo 02 Jul 2023 |